Saturday, November 17, 2012

ရခိုင်ပြည်နယ်အကြောင်း


နိုင်ငံတကာမီဒီယာတွေမှာတော့ ရခိုင်ပြည်နယ်မှာ ရခိုင်တွေနဲ့ မွတ်စ္စလင် ဘာသာရေး ပဋိပက္ခအသွင် နဲ့ ရေး သားနေတာ တွေ့ရတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုကနေ ထုတ်ဝေတဲ့ သည်နေရှင်းမှာတောင် ထိုင်းသတင်းထောက်က တကယ့်မြန်မာပြည်ရဲ့ အဖြစ်မှန်ဖြစ်တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုတွေထက် ဘင်္ဂလီတွေကို ရခိုင်နဲ့ လုံထိန်းတွေက နှိမ်နင်းနေတဲ့သဘောမျိုးပဲ ဖော်ပြနေကြတယ်လို့လည်း မိတ်ဆွေတယောက်က ဖုန်းဆက် ပါတယ်။

ပြည်ပ မီဒီယာတွေအနေနဲ့ ပြည်တ
ွင်းက ရခိုင်ဒေသကိုသွားရောက်ပြီး သတင်းမယူနိုင်ကြတဲ့အတွက် သတင်းတွေ လွဲနေတာဖြစ်လိမ့်မယ်လို့လည်း ယူဆမိကြောင်း မိတ်ဆွေက ပြောတယ်။

ပြည်တွင်း ဂျာနယ်တွေနဲ့ ပြည်တွင်းက သတင်းမီဒီယာတွေကတော့ ရခိုင်ပြည်နယ်မှာ သတင်းထောက်တွေ ရှိကြတယ်။ ရခိုင်သတင်းထောက်မရှိတဲ့သတင်းဌာနတွေကလည်း သတင်းထောက်တွေကို စေလွှတ်ကြတယ်၊ ဒါ့အပြင် အချိန်ပြည့် ၂၄နာရီ နီပါး တယ်လီဖုန်းတွေနဲ့ သတင်းယူကြပြီး အချိန်နဲ့အမျှ ရေးသားနေကြတယ်။

လူမှုရေးကွန်ယက်လို့ ပြောတဲ့ facebook နဲ့ ကိုယ်ပိုင် ဘလော့တွေ ပေါ်မှာတော့ ရခိုင်ပြည်နယ်အခြေအနေကို အမြင် သုံးမျိုးနဲ့ ရေးသားနေကြတာ တွေ့ရပါတယ်။ အမြင်တမျိုးကတော့ ဒါဟာ အစိုးရဘက်က ဆင်တဲ့ ထောင်ချောက်လို့ ပြောပြီးရေးသားနေတယ်။

နောက်အမြင်တမျိုးကတော့ ရခိုင်-ဘင်္ဂလီ ပြဿနာဟာရဲ့ နောက်မှာ ရိုဟင်ဂျာပြဿနာရှိတယ်၊ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြပ်အတည်းဖြစ်စေရုံသာမက၊ ရိုဟင်ဂျာတွေအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအထိ တောင်းဆိုဖို့ စီမံကိန်းဖြစ်တယ်ဆိုတာကို အချက်အလက်တွေနဲ့ ရေးသားထားတာတွေ့ရပါတယ်။

နောက်တမျိုးကတော့ မြန်မာမွတ်စ္စလင်တွေကို ရခိုင်နဲ့အစိုးရပေါင်းပြီး အစုလိုက်အပြုံလိုက်သတ်နေပြီ၊ ရခိုင်နဲ့ မွတ်စလင် ပြဿနာမှာ အစိုးရဘက်က ရခိုင်ဘက်ကို လိုက်တယ်၊ မွတ်စလင်တွေကို သတ်ပစ်တယ်ဆိုပြီး ရေးသားနေကြတယ်။

ကျမအနေနဲ့ကတော့ အမြင် ၃ မျိုးစလုံးရေးသားကြတာတွေကို ဖတ်ပါတယ်။ စဉ်းလည်း စဉ်းစားကြည့်ပါတယ်။
အချက်အလက်တွေနဲ့ သမိုင်းနောက်ခံအကြောင်းရင်းတွေပေါ်မှာ အရင်းခံပြီးစဉ်းစားကြည့်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် စဉ်းရတောမယ့်အနေအထား ဖြစ်နေတယ်လို့လည်း ယူဆမိတယ်။

စဉ်းစားကြည့်မယ်ဆိုရင် သမိုင်းနဲ့နောက်ခံအကြောင်းအရာတွေကိုလည်း မသိရင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်မှာ မဟုတ်ဘူးလို့လည်း နားလည်မိပါတယ်။

တကယ်တော့ ရိုဟင်ဂျာ ခေါ်၊ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ကျမတို့ မြန်မာတိုင်းရင်းသားတွေတော့ မဟုတ်ကြပါဘူး။ သမိုင်းမှတ်တမ်းတွေထဲမှာလည်း ရိုဟင်ဂျာတွေကို တိုင်းရင်းသားတွေထဲမှာ ထည့်မထားဘူး ဆိုတာကိုတော့ ကျမ အနေနဲ့ သေသေချာချာ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။

ရခိုင်ပြည်နယ် သမိုင်းကြောင်း

ရခိုင်ပြည်နယ်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဓည၀တီ(စစ်တွေခရိုင်) ၊ ရမ္မ၀တီ(ကျောက်ဖြူခရိုင်)နှင့် မေဃ၀တီ(မာန်အောင်ခရိုင်) စသည့် ၀တီလေးရပ်နှင့် ပေါင်းစည်း အပ်သော ရခိုင်ပြည်နယ်မှာ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ ခေတ်လေးခေတ် ထွန်းကားခဲ့တာ တွေ့ရပါတယ်။

သမိုင်းသုတေသနဦးစီးဋ္ဌာနရဲ့ ရခိုင်သမိုင်း မှတ်တမ်းများအရ ဓည၀တီခေတ်သည် ဘီစီ ၃၃၅၂မှ အေဒီ ၃၂၇ အထိ ရှည်ကြာခဲ့ပြီး ခေတ်ဦးရခိုင်တွင် တည်ထောင်ခဲ့တဲ့ လေးမြို့ခေတ်တွေမှာ ကိုးကွယ်သော ဘာသာအနေနဲ့ ဟိန္ဒူ ဘာသာနှင့် ဗုဒ္ဓဘာသာတို့ဖြစ်သည်ကို တွေ့ရပါတယ်။

အေဒီ ၁၄၃၀ မှ ရခိုင်ကို ဗဒုံမင်း တိုက်ခိုက်သိမ်းပိုက်တဲ့ အေဒီ ၁၇၈၄ အထိ မည်သူမျှ မွတ်ဆလင်များ မဟုတ်ခဲ့ကြောင်း၊ ရခိုင်တွင် ဘုရင် ၄၈ ဦးနန်းတက်ခဲ့ရာ ၉ဦးသာ မွတ်ဆလင်အမည်ဖြင့် ဒင်္ဂါးသွန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ၉ဦးသည် စစ်တ ကောင်းကို သိမ်းပိုက်အောင်နိုင်ခဲ့သည့် ဘုရင်များဖြစ်သဖြင့် လက်အောက်ခံဒေသတွင် ရှိသည့် ပြည်သူတို့၏ ကြည်ညိုမှု ရရှိ အောင် ဆောင်ရွက်ခြင်းသာ ဖြစ်နိုင်ကြောင်း သမိုင်းသုတေသနဦးစီးဌာနရဲ့ မော်ကွန်းမှာ တွေ့မြင်ရပါတယ်။

ရခိုင်ဘုရင်လက်ထက်က ရှိစဉ်က သုံ့ပန်းအဖြစ် ဖမ်းဆောင်ခေါ်ယူလာသော မွတ်ဆလင်တွေကို လယ်ယာ လုပ်ငန်းတွေမှာ လည်းကောင်း၊ အခြားအမှုထမ်းလုပ်ငန်းများမှာ လည်းကောင်း ပါဝင်ခဲ့ကြပါတယ်။

ဘင်္ဂေါနယ်မှ အခြေချနေထိုင်လာတဲ့ မွတ်ဆလင်တွေကို ရခိုင်ဒေသတွင်း ၁၅ရာစုတွင် စတင်ရောက်ရှိ လာခဲ့ကြောင်း သမိုင်းသုတေသနဌာန၊ မော်ကွန်းအထောအထားများအရ သိရပါတယ်။

ဗြိတိသျှကိုလိုနီခေတ် ဘင်္ဂါလီမွတ်ဆလင် ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာခဲ့ခြင်း

တကယ်တော့ ကျမတို့ တိုင်းပြည်ထဲကို ဘင်္ဂါလီမွတ်ဆလင်တွေ စတင်ရောက်ရှိလာခဲ့တာက ကိုလို နီခေတ် မှာဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရပါတယ်။

၁၇၈၅ ခုနှစ်တွင်ဗဒုံမင်းက ရခိုင်ပဒေသရာဇ်နယ်ကို သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်တို့ သိမ်းပိုက်ထားတဲ့ ဘင်္ဂါနယ်နဲ့ဆက်စပ်လာရာမှာ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးမှာ တင်းမာမှုဖြစ်ပေါ်ပြီးနောက် ၁၈၂၄ တွင် ရှင်မဖြူကျွန်းကို အကြောင်းပြုပြီး အင်္ဂလိပ်- မြန်မာ ပထမစစ်ဖြစ်ပွားခဲ့ရာ ရန္တပိုစာချုပ်ဖြင့် စစ်ရပ်စဲခဲ့ရတယ်၊

အဆိုပါစာချုပ်အရ ရခိုင်နဲ့တနသာင်္ရီက အင်္ဂလိပ် တို့လက်အောက်သို့ ရောက်သွားခဲ့ပြီး ရခိုင်ြပြည်နယ်က အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဘင်္ဂလားနယ်များနဲ့ တစ်ပေါင်းတည်းတည်ရှိလာခဲ့ကြောင်း သိရပါ တယ်။

၁၈၃၉ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီး ဥပဒေတစ်ရပ် ထုတ်ပြန် ခဲ့ပြီး၊ ထိုဥပဒေအရ ချမှတ်ထားနဲ့ နယ်မြေအမြောက်အများအတွက် အလုပ်သမားများအနေနဲ့ စစ် တကောင်း မှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများ အများအပြားဝင်ရောက်လာခဲ့တယ်လို့ သမိုင်းမှတ် တမ်းတွေမှာ ဖော်ပြထားပါတယ်။

ထိုမှ စပြီး ဘင်္ဂါနယ်မှ မွတ်ဆလင်များ နှစ်စဉ်တိုးလာရခြင်းက ဒေသခံရခိုင်တို့အတွက် နောင်ကာလတွင် အန္တရာယ်ကြီး ဖြစ်လာစေနိုင်တယ်လို့ ဗြိတိသျှအာဏာပိုင်တို့က ယခင်ကပင် သတိပေးခဲ့သည်ကိုလည်း သမိုင်းသုတေသနဌာနက မှတ်တမ်းများအရ တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်တို့ အခြေအနေ

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ရာ နိုင်ငံတော်အား ဖဆပလ အစိုး ရက အုပ်ချုပ်ခဲ့ တယ်၊ ထိုကာလ ရခိုင်တွင်(ရတည) အဖွဲ့က ရခိုင်ပြည်နယ် ရရှိရေးကို အကြောင်းပြု၍ စည်းရုံးလှုပ်ရှားနေပြီး၊ လွတ်လပ်ရေး မရမီကပင် ဖွဲ့စည်းခဲ့တဲ့ မူဂျာဟစ်အဖွဲ့က လွတ်လပ်ရေးရပြီးနောက် ပိုမိုအင်အားတောင့်တင်းလာခဲ့တာကို သမိုင်းမှတ်တမ်းအရ သိရပါတယ်။

၁၉၄၈ မှာ မွတ်ဆလင်လွတ်မြောက်ရေးအဖွဲ့ညီလာခံကို မောင်းတော့မြို့နယ်၊ ကရဗျင်ရွာမှာ ကျင်းပစဉ် အဖွဲ့အမည်ကို မူဂျာဟစ်လို့ တရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်မှာ Jaffar Kawal ဖြစ်ပြီး လက်ထောက်မှာ ဟူစိန်ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ တောင်းဆိုချက်ထဲမှာ ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက် ကမ်းကြားဒေ သကို မွတ်ဆလင် တို့၏ National Home အဖြစ်သတ်မှတ်ပေးရန်၊ရခိုင်ရှိ မွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန်၊ စသည့်အချက်များပါဝင်ကြောင်း သမိုင်းမှတ် တမ်းတွေမှာတွေ့ ရှိရပါတယ်။

မူဂျာဟစ်

မူဂျာဟစ်ပြဿနာကတော့ လောလောဆယ်အားဖြင့် ဒုတိယကမ္ဘာစစ်ကြီး၏ ဆိုးမွေတစ်ရပ်ဖြစ်သော်လည်း အတိတ်အားဖြင့် ၁၈၂၄ ခုနှစ် အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးဘင်္ဂါလီများ မြန်မာနိုင်ငံတွင်း သို့ဝင်ရောက်လာခြင်း မှ မြစ်ဖျားခံခဲ့ကြောင်း တွေ့ရပါတယ်။ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်ဒေ သများသို့ အစ္စလမ်ဘာသာကိုးကွယ်သူ စစ်တကောင်း ဘင်္ဂါလီများ အတားအဆီးမရှိ ၀င်ရောက်လာခြင်းမှ စတင်ခဲ့ပါတယ်။

မူဂျာဟစ်အဖွဲ့များဖြစ်သော အဒူဇော်လီအဖွဲ့၊ ဘီအေဇော်ဖောအဖွဲ့၊ ဇာဖော်အဖွဲ့တို့အား ပူးပေါင်းစေခဲ့ပြီး ၎င်းအဖွဲ့ရဲ အမည်ကို ရိုဟင်ဂျာအမည် ထည့်သွင်းအသုံးပြုကာ “ ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေး ပါတီ” လို့ ဖွဲ့စည်းလိုက်ကြောင်းသိရပါတယ်။

၎င်းပါတီက ရခိုင်ပါတီများဖြစ်သော ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ရမလ)၊ ရခိုင်ပြည်ကွန်မြူနစ်ပါ တီ(ရကပ) တို့ကို ညီညွတ်ရေး ကမ်းလှမ်းခဲ့ကြသည်။ ဆွေးနွေးမှု ပြုလုပ်ရာတွင် (ရမလ)က တစ်ပါ တီဖြစ်မြောက်ရေးအတွက် တင်ပြသော်လည်း (ရကပ)က တပ်ပေါင်းစုဖြစ်ရေးတင်ပြခဲ့ပါတယ်။ အဆိုပါ ရိုဟင် ဂျာပါတီက အောက်ပါ အချက်များကို တောင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာပါတီက ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုရန်၊
ဘူးသီးတောင်၊ မောင်တောနယ်ကို ရိုဟင်ဂျာဒေသအဖြစ် အသိအမှတ်ပြုရန်၊
ရခိုင်ပြည်နယ်လွတ်မြောက်သည့်အခါ အုပ်ချုပ်ရေးတွင် ရခိုင် ၆၀% ၊ ကုလား ၄၀%၊ ပါဝင်ရန် တို့ပါဝင်ပါတယ်။

အမှန်တကယ်အားဖြင့် ၎င်းအချက်များသည် စစ်ပြီးစ အလယ်သံကျော် မွတ်ဆလင် ညီလာခံက ချမှတ် ထားသော အခြေခံအချက်များကို ဆက်လက်အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။(ရကပ) က ထိုတောင်းဆိုချက်များကို လောလောဆယ် သဘောတူညီမှု မပေးနိုင်သော်လည်း တဖြည်းဖြည်းညှိနှိုင်း သွားမည်ဟု ပြန်ကြားခဲ့သည်။
သို့သော် အင်အားချိနဲ့နေသော အဖွဲ့များဖြစ်သဖြင့် ရိုဟင်ဂျာအဖွဲ့၏ တောင်းဆိုချက်အချို့ကို လိုက်လျော ခဲ့ ရ သည်ဟု ဆိုသည်။
၎င်းတို့မှာ ရိုဟင်ဂျာပါတီသည် ရိုဟင်ဂျာ(ဘင်္ဂါလီ)၏ တစ်ခုတည်းပါတီ ဖြစ်ကြောင်း သိရသည်။-
ထို့ကြောင့်ကုလားအများအပြားရှိသော မောင်တော၊ဘူးသီးတောင်အနောက်ဘက် တောင်ရင်းပိုင်းသည်လည်းကောင်းဘူးသီးတောင်မြို့နယ် ညောင်ချောင်းနှင့် ညောင်ချောင်းအထက်ပိုင်းသည်လည်းကောင်း၊ ရိုဟင်ဂျာ(ကုလားများ) နယ်မြေဖြစ်သည်။- ပူးတွဲစစ်ကော်မတီ၏ အကြီးအကဲသည် စစ်အင်အားများသော ရိုဟင် ဂျာပါတီမှ ဖြစ်ရမည် ဟူသော အချက်များဖြစ်သည်။ ` ဟု ၄င်းတို့ဘက်မှ တောင်းဆိုခဲ့ကြောင်း မူဂျာဟစ်အလင်းဝင်ခြင်း မှတ်တမ်းတွင် တွေ့မြင်ရပါတယ်။


ရိုဟင်ဂျာပေါ်လာခြင်း

အင်္ဂလိပ်တို့ ရခိုင်ဒေသကို သိမ်းပိုက်ချိန်ထိ ရိုဟင်ဂျာမပေါ်သေးပါဘူး။ ကိုလိုနီခေတ်သမိုင်းရေးသားခဲ့သော ဆရာတွေမှာလည်း အဆိုပါ အသုံးအနှုန်းမရှိသေးကြောင်း အတည်ပြုပြော ဆိုကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက ၁၉၄၇-ဒုတိယကမ္ဘာစစ်အတွင်းမှာသာ ပေါ်ပေါက်လာတဲ့ အသုံး အနှုန်းဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာ ခေတ်ပညာတတ်ဘင်္ဂလီများက သမိုင်းကို ဖန်တီး ယူပြီး ရိုဟင်ဂျာကို တိုင်းရင်းသားဖြစ်အောင် ဖန်တီးရေးသားခဲ့တယ်လို့ သမိုင်းသုတေသ နဦးစီးဋ္ဌာန က မော်ကွန်းဌာနစုရဲ့ မှတ်တမ်းများအရသိရပါတယ်။

မောင်းတောမြို့နယ် ဖြစ်စဉ်သမိုင်းရဲ့ ဖော်ပြချက်မှာတော့ ရိုဟင်ဂျာဟူသောစကားကို အလံနီကွန်မြူနစ် များက မူဂျာဟစ် သူပုန်များအတွက် ထွင်ပေးခဲ့သော အမည်ဖြစ်ပြီး၊ ၁၉၅၀ ခုနှစ်ပိုင်းများက အလံနီများနှင့် မူဂျာဟစ်များက ယာယီမဟာမိတ်ဖွဲ့ထားပြီး ဖဆပလအစိုးရကို တိုက်ခိုက်နေသော အချိန် လည်းဖြစ်ကြောင်း သိရပါတယ်။

ဘူးသီးတောင် ပါလီမန်အမတ် အဒူဂေါ်ဖော်(ဂဖါး)က ၁၉၆၀ ပြည့်နှစ် ဧပြီ ၂၁ရက်နေ့ ရန်ကုန် တွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်၊ ပထန်နှင့် အာရပ်တို့ သွေးနှောရာမှ ဖြစ်ပေါ်လာသော လူမျိုး သည် ရိုဟင်ဂျာလူမျိုးဖြစ်သည်ဟုလည်းကောင်း၊ ရခိုင်၊ ဘင်္ဂါလီ၊ အူရဒူ၊ ပါရှန်၊ အာရဘီစကားများ ကို ရောနှော၍ ဖြစ်ပေါ်လာသော စကားသည် ရိုဟင်ဂျာ စကားဖြစ်ကြောင်း တင်ပြခဲ့သည်ဟု သမိုင်းမှတ် တမ်း မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဘင်္ဂါလီတို့အနေဖြင့် ရိုဟင်ဂျာဟု သမိုင်းအထောက်ထားများဖြင့် ခေါ်ဆိုနေသော်လည်း ရိုဟင်၈ျာလူမျိုး ဟုပြောဆိုနေကြသော်လည်း ၁၉၄၇ ခုနှစ်ထိ မည်သည့်သမိုင်းအထောက်အထားတွင်မှ ပါဝင်ခဲ့ခြင်း မရှိ သည် ကို တွေ့ရကြောင်း ရခိုင်သမိုင်းသုတေသနအသင်းမှ သိရှိရပါတယ်။

၁၉၆၂ နောက်ပိုင်း အခြေအနေ

ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာယူပြီးချိန် ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထပ်တွင် ဘင်္ဂါလီတို့၏ နိုင်ငံရေးလှုပ်ရှားမှုသည် ခေတ္တငုတ်လျှိုးသွားခဲ့ပါတယ်

၁၉၇၄ တွင် ဘီအေဇော်ဖောအဖွဲ့ တပ်မတော်ထိုးစစ်ကြောင့် ပြိုကွဲသွားပြီး ဘူးသီးတောင်၊ မောင်တောရှိ မူဂျာဟစ်သူပုန်တို့ကလည်း တစ်ဖက်နိုင်ငံများသို့ ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။

အဆိုပါ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင်လည်း ရခိုပြည်နယ်က မွတ်ဆလင်များတောင်းဆိုချက်ကို ဖယ်ရှားခဲ့ပြီး ဘူးသီးတောင်၊မောင်းတောမြိုကနယ်ရှိ စစ်တကောင်းသား မွတ်ဆလင်တွေကို ပါတီ၊ကောင်စီ အာဧာရအဖွဲ့အစည်းတွင် ပါဝင်ခွင့်ကိုလည်း ကန့်သတ်ထားခဲ့တယ်လို့ မောင်းတောမြို့နယ် ဖြစ် စဉ် သမိုင်း ၄၉၊ ၅၁ မှတ်တမ်းအရ သိရပါတယ်။

သို့ပေမဲ့ အဆိုပါဒေသတွေမှာ မွတ်ဆလင်ဦးရေကတော့ တိုးမြဲတိုးနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ပြဿနာကို ဘယ်သူ ဖန်တီးခဲ့တာလဲ

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်းတောဒေသတွေမှာ နေထိုင်သူတွေရဲ့ ၉၀%က ဘင်္ဂါလီတွေ၊ ၇ %က သာ ရခိုင်တိုင်းရင်းသားတွေလို့သိရပြီး၊ ကျန်တိုင်းရင်းသားတွေက ၃% လောက်ပဲ ရှိတယ်လို့ ကြားရစဉ်က ကျမအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ တာဝန်ရှိသူတွေအပေါ်မှာ အပြစ်တင်ခဲ့မိပါတယ်။

သမိုင်းအထောက်အထားတွေနဲ့ သေချာစဉ်းစားကြည့်တော့ ကျမတို့အနေနဲ့ လ၀ကနဲ့ နစခ တွေအပေါ် မှာပဲ အပြစ်ပုံချနေကြတာ အလုံးစုံ မမှန်ကန်ဘူးဆိုတာလည်း တွေ့မြင်လာရပါတယ်။

ကိုလိုနီခေတ်မှာ အင်္ဂလိပ် တို့လက်အောက်သို့ ကျမတို့တိုင်းပြည် ရောက်သွားခဲ့ပြီး အင်္ဂလိပ်တို့ သိမ်း ပိုက် ထားပြီးဖြစ်တဲ့ ဘင်္ဂလားနယ်များနဲ့ ရခိုင်ပြည် တစ်ပေါင်းတည်းတည်ရှိလာခဲ့ကြောင်း သိရပါတယ်။

၁၈၃၉ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီး ဥပဒေတစ်ရပ် ထုတ်ပြန် ခဲ့ပြီး၊ ထိုဥပဒေအရ ချမှတ်ထားနဲ့ နယ်မြေအမြောက်အများအတွက် အလုပ်သမားများအနေနဲ့ စစ် တကောင်းမှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများ အများအပြားဝင်ရောက်လာခဲ့တယ်လို့ သမိုင်းမှတ် တမ်းတွေ မှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက အိန္ဒိယနိုင်ငံရှိ မွတ်ဆလင်များက သီးခြား မွတ်ဆလင်နိုင်ငံ ထူထောင်ပေး ဖို့ ဗြိတိသျှအစိုးရကို တောင်းဆိုခဲ့ကြောင်း၊ မွတ်ဆလင်အများစု ရှိတဲ့ အိန္ဒိယအနောက် ဘက်ဒေသနဲ့ အိန္ဒိယအရှေ့ဘက်ဘင်္ဂလားပြည်နယ်ဒေသတွေကို ပါကစ္စတန်နိုင်ငံအဖြစ် ထူထောင်ပေး ဖို့ တောင်းဆိုခဲ့တယ်။

အဆိုပါ တောင်းဆိုမှုမှာ ဘူးသီးတောင်နဲ့ မောင်းတောရှိ ဘင်္ဂါလီတို့က ပါကစ္စတန်နဲ့ ပေါင်းပြီး နိုင်ငံထူဖို့ စီစဉ်ခဲ့ကြောင်း ခင်ကြီးဖျော် ရခိုင်ပြည်နယ် မူဂျာဟိန်းဟူသည် ရခိုင်တန်ဆောင်နှစ်လည် မဂ္ဂဇင်း ၁၉၅၉-၆၀(စာမျက်မှာ ၉၉)မှာ ဖော်ပြထားတာကို သမိုင်းအထောက်အထားအနေနဲ့ တွေ့ရပါတယ်။


ဗြိတိသျှတို့အနေနဲ့ မွတ်ဆလင်တို့ရဲ့ တောင်းဆိုချက်က မှားကြောင်း မှတ်ချက်ပြုခဲ့ပေမဲ့ တဖက်မှာ လည်း မည်ကဲ့သို့ပြုလုပ်သင့်ကြောင်း လမ်းကြောင်းပေး၊ အကြုံပြုခဲ့ကြောင်း၊ ထိုလမ်းကြောင်း ချက်များ အတိုင်း ဘင်္ဂါလီတို့ကလည်းဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၁၉၄၇ခုနှစ် မေလ ၁၅ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဌာနက တင်ပြတဲ့အစီရင်ခံစာ မှာ မောင်းတောနဲ့ ဘူးသီးတောင်နယ်ကို Frontier Area သတ်မှတ်ပေးရန် တောင်းဆိုချက်များ ကိုင်စွဲထားပြီး၊ အရှေ့ပါကစ္စ တန် ဧရိယာအတွင်း ပါဝင်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း series 10/1,Acc No.641,NAD အရ သိရှိရ ပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်မှာလည်း မူဂျာဟစ်ပါတီအနေနဲ့ မြို့နယ်ဖဆပလ ဥက္ကဌ ဦးစံထွန်းအောင်မှ တဆင့်ဝန်ကြီးချုပ်ထံတင်သွင်းပြီး တောင်းဆိုချက်စာတမ်းပေးပို့ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ တောင်းဆိုချက်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအားလုံးကိုလည်း နိုင်ငံတော်အတွင်းရှိ ရခိုင်မွတ်ဆလင်အနေနဲ့ သတ်မှတ်လက်ခံပေးရန်၊မူဂျာဟစ်များကို ရခိုင်မွတ်ဆလင်သေနပ်ကိုင် တပ်အနေဖြင့် သီးခြားထားပေးရန်။
အစိုးရဌာနတိုင်းတွင် မွတ်ဆလင်များကို အရည်ချင်းအလိုက် ၀င်ခွင့်ပြုရန် စတဲ့… အချက်အလက်များပါဝင်သော တောင်းဆိုချက်များစွာဖြင့်လွှတ်တော်တွင်း ဆွေးနွေးရတဲ့အထိ ဖြစ်ပေါ် ခဲ့ကြောင်း ၁၉၅၇ စက်တင်ဘာ ၂၀ စာတွဲ(၄) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ညီလာခံမှတ်တမ်းအရ သိရပါတယ်။

ဖဆပလအစိုးရအနေနဲ့ ထိုအချိန်က မဲအနိုင်ရရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဦးဧမောင်(ခ)အဒူလာဒစ် ရဲ့ ထောက်ခံမှုနဲ့ဘင်္ဂါလီများကို ခေါ်သွင်း လာခဲ့ပြီး ဘူးသီးတောင်ဒေသမှာ အဘူခိုင်ဆိုသူက ဖဆ ပလ ဥက္ကဌ၊ လ၀က တို့နဲ့ ပူးပေါင်းခဲ့ပြီး ဘင်္ဂါလီ များ ကို မှတ်ပုံတင်ထုတ်ပေးခြင်းပြုလုပ်ပေးခြင်းနဲ့ အိမ်ထောင် စုစာရင်းများပြုလုပ်ပေးခြင်းဆောင် ရွက်ပေး ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိခဲ့ရပါတယ်။

ထိုအမှားဟာ ရခိုင်ပြည်ကို နောင်တွင် ဒုက္ခရောက်စေသော အမှားဖြစ်ခဲ့ကြောင်း သမိုင်းသုတေသနဌာ န၊ မော်ကွန်းဌာနစု မှတ်တမ်း 0H/p/0360/2009အရ သိရပါတယ်။

ဖဆပလခေတ်မှာ မွတ်ဆလင်အမတ်များနေရာရလာပြီး ၀န်ကြီးအဆင့်ရာထူးများပါ ရရှိခဲ့တဲ့အတွက် ဘင်္ဂါလီပေါင်းများစွာ ၀င်ခွင့်ရခဲ့ခြင်းဖြစ်တယ်လို့လည်း ဖဆပလခေတ်သမိုင်းကြောင်း သုံးသပ်မှု မှာ တွေ့ ရပါတယ်။

အဆိုပါ ဘင်္ဂါလီသမိုင်းကြောင်းကို သိနားလည်ထားတဲ့ ဗိုလ်ချုပ်နေ၀င်း အာဏာရရှိချိန်မှာ ၁၉၆၂ ခုနှစ်နောက် ပိုင်းမှာတော့ ဘင်္ဂါလီတွေကို မျက်နှာသားမပေးခဲ့ပဲ တောင်းဆိုချက်မှန်သမျှ ပါယ်ချခဲ့တယ် လို့လည်း သိရပါတယ်။

ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ မွတ်ဆလင်တို့ရဲ့ တောင်းဆိုချက်များကို ဖယ်ရှား ခဲ့ပြီး ပြည် နယ်အနေနနဲ့လည်း ရခိုင်နဲ့ မွန်ကိုသာ ပေးခဲ့ကြောင်း၊ ရခိုင်ပြည်မှ ဘင်္ဂါလီများက ရခိုင်တိုင်း ရင်းသား မွတ်ဆလင်များအဖြစ် ရေးသားတင်ပြခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ရေးသားတင်ပြမှုကို ပါလီမန်အမတ်ဟောင်း ဂဖါးမှ စတင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဧပြီ ၂၁ ရက်နေ့ရန် ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားရိုဟင်ဂျာလူမျိုးဟု လည်းကောင်း၊ ရိုဟင် ဂျာစကားဟုလည်းကောင်း ပြောဆိုခဲ့သည်ဟု မောင်းတောမြို့နယ်သမိုင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

နဂါးမင်း စီမံချက်

ပြည်ပမှ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်ခြင်းကို ကာကွယ်တားဆီးနိုင်ရေးအတွက် နဂါးမင်း စီမံချက်ကို ၁၉၇၈ တနိုင်ငံလုံးမှာ ဆောင်ရွက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။

ထိုစီမံချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့ပြီး တရားမ၀င်နေထိုင်နေသော ဘင်္ဂါလီများ အနေ နဲ့ ကြောက်လန့်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးခဲ့တယ်လို့ သမိုင်းမှတ် တမ်းများက ပြောပါတယ်။

ထိုစဉ်နဂါးမင်း စီမံချက်ကြောင့် ဘင်္ဂလားဒေ့ရှ်တို့ ထွက်ပြေးသွားရသော ဘင်္ဂါလီခေါ် ရိုဟင်ဂျာတို့က ဗိုလ်ချုပ်နေ၀င်းအစိုးရက မွတ်ဆလင်များကို မျိုးပြုတ်အောင် သတ်ဖြတ်နေသည်ဟု သတင်းလွှင့် ခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ ထုတ်ဝေတဲ့ သတင်းစာတွေမှာသာမက အနောက်နိုင်ငံအချို့မှာ ထုတ်ဝေလျက်ရှိသော သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ထိုကိစ္စကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်ကို ၀ိုင်းဝန်းရှုံ့ချခဲ့ပြီး၊ ထိုပြဿနာဟာ ကုလသမဂ္ဂ ထိရောက် ခဲ့ကြောင်း ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊စတုတ္ထတွဲမှ ဖော်ပြချက်များနဲ့ နိုင်ငံတကာမှ သတင်းမှတ်တမ်း များ အရ သိခဲ့ရပါတယ်။

မြန်မာအစိုးရအနေဲ့ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို စစ်ဆင်ရေးများ အစဉ်တဆက် ပြုလုပ်ခဲ့ပါတယ်။

အင်အား ၁၅၀၀၀ (တစ်သောင်းခွဲ) ခန့်ရှိသော ရိုဟင်ဂျာအမည်ခံဘင်ဂါလီများသည် ၁၉၇၅ ခုနှစ်မှာ စစ် ဆင်ရေးများမှ လွတ်မြောက်ရန် ဘင်္ဂါလီတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ပြန်လည်ပုန်းခိုကြသပြီး ၁၉၇၈ ခုနှစ် မှာလည်း အထူးစစ်ဆင်ရေးနဲ့ ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၂၀၀၀၀၀ (၂သိန်း) ခန့်ကိဘင်္ဂ လားးဒေ့ရှ် နိုင် ငံထဲသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးများကို "ဘ၈င်္ါလီအကြမ်းဖက်နှိမ်နှင်းရေး" ဟူသာလူသိများပြီး အစိုးရကိုလည်း နိုင်ငံတကာကရှုံ့ချခြင်း ခံခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (United Nations High Commissioner for Refugees (UNHCR)) နှင့် ဆွေးနွေးမှုများအရ နောက်ပိုင်းတွင် အစိုးရအနေနဲ့ ရိုဟင်ဂျာအမည်ခံ ဘင်ဂါလီ များအား မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ရန်ပြန်လည်လက်ခံခဲ့ရပါတယ်။

၁၉၈၈နောက်ပိုင်း ရိုဟင်ဂျာအမည်ဖြင့် ရပ်တည်လှုပ်ရှားခဲ့ခြင်း

ပြန်လည်ဝင်ရောက်လာသူ ဘင်္ဂါလီများက ရခိုင်ပြည်နယ်အတွင်းတွင် အခြေချ နေထိုင်ခဲ့ကြပါတယ်။

၁၉၈၉ခုနှစ် ၊ ၁၉၉၁-၉၂ခုနှစ် နဲ့ ၂၀၀၂ခုနှစ်များမှာလည်း အစိုးရက စစ်ဆင်ရေးများထပ်မံပြုလုပ်ခဲ့ပါတယ်။

၁၉၉၁ ခုနှစ်စစ်ဆင်ရေးအပြီးမှာလည်း ရိုဟင်ဂျာအမည်ခံဘင်ဂါလီ စုစုပေါင်း ၂၅၀၀၀၀ (၂သိန်းခွဲ) ခန့် ကို မြန်မာနိုင်ငံအတွင်းသို့ တရာမ၀င် ၀င်ရောက်နေထိုင်ခြင်းမှကာကွယ်ခြင်းတို့ကို ပြုလုပ်ခဲ့တဲ့ စစ် ဆင်ရေးကြောင့် မြန်မာအစိုးရကို အာဆီယံနိုင်ငံများအဖွဲ့မှ မူဆလင်နိုင်ငံများနှင့်အတူ အရှေ့ အလယ် ပိုင်းမူဆလင်နိုင်ငံများ ၊ မကာအခြေစိုက် မူဆလင်အဖွဲ့အစည်း (Rabita-al-Alam-I-Islami (Muslim World League)) တို့ရဲ့ ဘာသာရေးဆိုင်ရာ ဖိအားပေးမှုများလည်း ရှိခဲ့ကြောင်း သမိုင်းသုတေ သနမှတ် တမ်း၊မော် ကွန်းဌာနမှ မှတ်တမ်းအရ သိရပါတယ်။

အဆိုပါ အကျိုးသက်ရောက်မှုတစ်ခုအနေနဲ့ အစိုးရ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ ကို ပြန်လည် လက်ခံ ရပြီး ၁၉၉၂ ခုနှစ် နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီစုစုပေါင်း ၂၃၀၀၀၀ ခန့်ကို နိုင်ငံအတွင်း ၀င်ရောက်ခွင့် ပေးခဲ့ရခြင်းဖြစ်ပါတယ်။

ရိုဟင်ဂျာ လှုပ်ရှားမှု

ဘင်္ဂါလီတို့အနေနဲ့ မေလ ၁၃ ရက်နေ့ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသက ရခိုင်များ ကို နှိမ်နင်းနိုင်သောနေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ပြီး ၁၉၈၈ခုနှစ်မေလ ၁၃ ရက်နေ့ည ၉နာရီ အချိန် မှာ မောင်းတောမြို့ အမှတ်(၄)ရပ်ကွက်မြို့သစ်ဘုန်းကြီးကျောင်းကို စတင်ဖျက်ဆီးခဲ့ပြီး ၊ရခိုင်တိုင်း ရင်းသားတွေကို အကြမ်းဖက်ခြင်းစတဲ့ ဆူပူလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြောင်း သမိုင်းသုတေ သနဦး စီးဌာန၊ မော်ကွန်းဌာနစုရဲ့ မှတ်တမ်းမှာဖော်ပြထားချက်အရသိရပါတယ်။

ထိုစဉ်ကာလမှာလည်း ပြည်သူ့ရဲတပ်ဖွဲ့နှင့်အမှတ်(၂) လုံထိန်းများက ရခိုင်ပြည်သူများနှင့်အတူ ခုခံကာ ကွယ်ခဲ့ရကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။

အဆိုပါ ဆူပူအကြမ်းဖက်မှုမှာလည်း မောင်တောမှဘင်္ဂါလီခေါင်းဆောင် ဒေါက်တာထွန်းအောင်(အဒူလောက်)နဲ့ စစ်တွေမြို့မှ ဘင်္ဂါလီရှေ့နေ ရွှေမောင်ဆိုသူကလည်း ဘင်္ဂါလီတို့မှာရိုဟင်ဂျာများဖြစ်ကြောင်း၊ ရခိုင်ပြည်သို့ ၀င်ရောက်လာသည်မှာ အေဒီ ၆၈၀ ခန့်ကပင်ဖြစ်ကြောင်း၊ အခွင့်အရေးရလျှင် ရခိုင်တိုင်းရင်းသားများနှင့် တန်တူရရှိမည်ဖြစ်ကြောင်း၊
ဒီမိုကရေစီရလျှင် ပြည်နယ်အုပ်ချုပ်ခွင့်ရရမည်ဖြစ်ကြောင်း ဟောပြောသွားကြောင်း ရိုဟင်ဂျာဘင်္ဂလီ များ ပြဿနာစာတမ်း၊စာ ၁၄၆မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရာမှာလည်း အမျိုးသားပါတီက ၃၁ရက်နေ့ မတ်လ ၁၉၈၉ ခုနှစ် နေ့စွဲနဲ့ ရိုဟင်ဂျာ နိုင်ငံရေးသမိုင်းနှင့် အနာဂတ်ရခိုင်ပြည်ဟူသော စာတမ်းကို ထုတ်ဝေခဲ့ပြီး ထိုစာတမ်းမှာ ရခိုင်မွတ်ဆလင်များကို ရိုဟင်ဂျာလူမျိုးဟု ယုံကြည်အောင်ရေး သား ထားကြောင်း မောင်းတောမြို့ နယ်ဖြစ်စဉ်သမိုင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

၂၀၀၃ ခုနှစ်တွင်လည်း ဂျပန်တွင်အခြေစိုက်သော (မြန်မာနိုင်ငံရိုဟင်ဂျာများအသင်း- ဂျပန်ပြည်)ဇော် မင်းထွဋ်က ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားရိုဟင်ဂျာများ ဟူသော အမည်ဖြင့် စာ အုပ်ထုတ်ဝေခဲ့ပြီး ကမ္ဘာ့နိုင်ငံကြီးတွေကို ဖြန့်ဝေခဲ့ကြောင်း၊ထို့နောက်မှာတော့ ရိုဟင်ဂျာလူမျိုးမှာ အမှန်တကယ်ရှိကြောင်း စာတမ်းဖတ်ပွဲတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပြုလုပ်ခဲ့ကြောင်း၊ အင်တာ နက်များမှာ ရိုဟင်ဂျာ ၀က်ဆိုက်များပေါ်ပေါက်လာခဲ့ပြီး မီဒီယာလုပ်ငန်းတွေမှာလည်း စိမ့်ဝင်နေခဲ့ကြောင်း သုံးသပ်သူတွေရှိပါတယ်။

လူ့အခွင့်ရေးဟု ကျယ်ကျယ်လောင်လောင်အော်ရင်း ကမ္ဘာအနေနဲ့ ရိုဟင်ဂျာကို မြန်မာနိုင်ငံရဲ့ တိုင်းရင်း သား ရိုဟင်ဂျာအဖြစ် လက်ခံရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းလည်း ကြားသိခဲ့ရပါတယ်။

အဆိုပါ သမိုင်းအထောက်အထားများအရ သုံးသပ်ကြည့်ရင်တော့ ယခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ခြင်းရဲ့ အကြောင်းရင်းကို စဉ်းစားနိုင်လိမ့်မယ်လို့လည်း နားလည်မိပါတယ်။

''ရိုဟင်ဂျာဆိုတာ မရှိဘူး။ ရခိုင်၊ မြို၊ ခမီ၊ ကမန်၊ သက်၊ ဒိုင်းနက်၊ မရမာကြီး ဆိုပြီး ရခိုင်လူမျိုး ခုနစ်မျိုးရှိ တယ်။ ရိုဟင်ဂျာဆိုတာ တစ်ဖက်နိုင်ငံက တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလားလူမျိုးတွေ ဖြစ်တယ်။ အဲဒါကို အမေရိကန် သံရုံးကရော၊ အမေရိကန် အစိုးရကရော သိဖို့ လိုတယ်။ ပြီးတော့ စဉ်းစားပါလို့ ပြောလိုတယ်။ ဒါကို ပြောချင်တယ်။ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားလို့ ပြောပြီးတော့ နိုင်ငံရေးအရ ဖန်တီးနေတာသည် ဘာသာရေး လူမျိုးရေး အဓိကရုဏ်းဖြစ်ဖို့ ဖန်တီးနေတာဖြစ်တယ်။ ဘင်္ဂါလီတွေ မြန်မာနိုင်ငံမှာ တိုင်းရင်း သားဖြစ်ဖို့ ဖန်တီးနေတာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာပေမယ့် ရခိုင်တွေက သည်းခံနေတယ်။ လက်ခံကြတယ်။ အတူတူ ငြိမ်းချမ်းစွာ နေကြတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ သို့သော် ရိုဟင်ဂျာတွေကို တိုင်းရင်း သားဆိုပြီး လှုံ့ဆော်မှုမျိုးတော့ မလုပ်ပါနဲ့။ အခု မီးလောင်သွားတဲ့အိမ်တွေမှာ ရခိုင်အိမ်တွေက အများဆုံးပဲ။ ဒါတွေကို ဘင်္ဂါလီတွေ ခံရတယ်ဆိုတော့ ပြောင်းပြန်ဖြစ်နေတယ်။ ရခိုင်တွေ သေတယ်။ ဘင်္ဂါလီတွေ ပြောင်းလာခဲ့တယ်။ အဲဒါကြောင့် အဲဒီရွာတွေဟာ ဘင်္ဂါလီ ရွာတွေ ဖြစ် ကုန်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ကြိုတင်ပြီး ဘာမှမလုပ်နိုင်ဘူး ဒါကို ကမ္ဘာက သိဖို့လိုတယ်။ အမှန်သိမှ ဖြစ်မယ်''လို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်ကတော့ သူ့အနေနဲ့ ခုလို သုံသပ်ပြောဆိုပါတယ်။

လက်ရှိ အစိုးရအနေနဲ့လည်း ဗိုလ်ချုပ်နေ၀င်းခေတ်မှာ ဘင်္ဂါလီတွေကို မောင်းထုတ်ခဲ့ခြင်းကြောင့် ကြုံတွေ့ ရတဲ့ အဖြစ်အပျက်၊ ၁၉၈၈ခုနှစ် မေလ ၁၃ ရက်နေ့ အတွေ့အကြုံတွေအရ ယခုအစိုးရအနေနဲ့ သတိထားကိုင်တွယ်ရမဲ့ ပြဿနာဖြစ်ကြောင်း နားလည်သဘောပေါက်တယ်လို့ ကျမယူဆမိပါတယ်။

ရိုဟင်ဂျာ ပြဿနာနဲ့ အရေးဟာ ကျမတို့အတွက်တော့ အမျိုးသားရေးပါ။မြန်မာပြည်ကို ကာကွယ်ရမဲ့ အရေးလို့ပဲကျမအနေနဲ့ မြင်မိပါတော့တယ်။



ကျမ်းကိုးစာရင်း


D264 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနုစု
D272 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနုစု
D1313 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု၊ ၁၉၈၈
D1315 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနုစု
D1316 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနုစု
D1317သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနု
D1318 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနု
D1319သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနု
DR491(56)၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု
Series 10/1,Acc,No,641.NAD
MF-962၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု
OH/P/ 0354/2009၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု
OH/P/ 0355/2009၊တွေ့ဆုံမေးမြန်းချက်၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု
OH/P/ 0356/2009၊တွေ့ဆုံမေးမြန်းချက်၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု
ရခိုင်ဒေသတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှု အဆင့်ဆင့်၊ သမိုင်သုတေသနဦးစီးဌာန။ ၂၀၀၉-မတ်လ။

ခင်ကြီးဖျော်၊ ရခိုင်ပြည်မှမူဂျာဟိန်းဟူသည်၊ ရခိုင်တန်ဆောင်၊ အတွဲ - ၁၊ အမှတ် - ၈ ၊ ၁၉၅၉-၆၀

စံထွန်းအောင်ဦးကိုယ်တွေ့ မေယုနှင့် ရိုဟင်ဂျာ၊ (လက်နှိပ်စာမူ) စံသာအောင်၊ ဦးအာနန္ဒစန္ဒြကျောက်စာ

စန္ဒမာလာလင်္ကာရ၊ ရခိုင်ရာဇာဝင်သစ်၊ (ပ) တွဲ၊ ပိဋကတ်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၃၁ ဇော်မင်းထွဋ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်

တိုင်းရင်းသားရိုဟင်ဂျာများ၊ (ပထမအကြိမ်)၊ Maruyama Corp,Tokyo၊

၂၀၀၃ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ညီလာခံမှတ်တမ်း(၁၉၅၇ စက်တင်ဘာလ ၂၀ ရက်)စာတွဲ(၄) အစည်းအဝေးမှတ်တမ်း၊

၁၉၉၉ ပဏ္ဍိ၊ဦးဓည၀တီရာဇ၀င်သစ်၊ ပြည်မကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၁၀ ပြည်နယ်ဖြစ်စဉ်သမိုင်း၊ ရခိုင်ပြည်နယ်၊ လက်နှိပ်စက်စာမူ

ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၂)

ဖော်ဇံ၊ `ရခိုင်နယ်စပ်မှ ဗိုလ်ချင်းပျံ၊ ဓည၀တီမဂ္ဂဇင်း၊ နှစ်လည်(၁၉၅၂ - ၅၃)

ဘူးသီးတောင်မြို့နယ်သမိုင်း၊ ဘုံပေါက်သာကျော်၊ တော်လှန်ရေးခရီးဝယ်၊ သတင်းဂျာနယ်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၃

ဘုံပေါက်သာကျော်၊ ရခိုင်ပြည်နယ်နှင့်ရိုဟင်ဂျာအမည်ခံ ဘဂါင်္လီများပြဿနာစာတမ်း၊ ၁၉၈၉ ၊ လက်နှိပ်စာမူ၊ သမိုင်းသုတေသနဦးစီးဌာန၊

၁၉၈၉မောင်တောမြို့နယ်ဖြစ်စသ်သမိုင်း၊ သမိုင်းပြုစုရေးအဖွဲ့၊ မောင်တောမြို့နယ်ပြည်သူ့ကောင်စီ၊ ၁၉၈၁၊ လက်ရေးမူ မောင်တောမြို့နယ်

၊၂၈-၂-၂၀၀၈ မောင်တောမြို့နယ် အနာဂတ် သာသနာတော်အရေးအခင်းနှင့် ပတ်သက်တင်ပြလျှောက်ထားချက်၊ ၂၈-၉-၁၉၈၈
မောင်ထင်` ရခိုင်ပြည်နယ် အစီရင်ခံစာ´၊ မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀၊ ဇူလိုင်၊ အတွဲ ၈

မူဂျာဟစ်များအလင်းဝင်ခြင်း၊ မြ၀တီပုံနှိပ်တိုက်၊ စာမျက်နှာ ၊ ခုနှစ်မပါ။

မြန်မာမင်းများ အရေးတော်ပုံ၊နံ့သာပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၇

ရခိုင်အားမာန်(၂) ၊ရခိုင်သမိုင်းသုတေသနအသင်း၊ ၁၉၉၆

ရသေ့တောင်မြို့နယ်သမိုင်းဖြစ်စဉ်မှတ်တမ်း၊ မြို့နယ်သမိုင်းဖြစ်စဉ်မှတ်တမ်းပြုစုရေးအဖွဲ့၊ ရသေ့တောင်၊ ၁၉၈၁

No comments:

Post a Comment