ဗုဒ္ဓဟူသော အဓိပ္ပာယ်မှာ "သိသောသူ" သို့ မဟုတ် "၀ိဇ္ဇာဥာဏ်အလင်းရသူ" တနည်း "သဗ္ဗညုတ ဥာဏ်တော်ရပြီးသူ " ဖြစ်သည်။ ထိုသို့ ဆိုလျှင် ဗုဒ္ဓသည် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ကျင့်ကြံမှုဖြင့် သိစရာ ရှိသမျှကို အကုန်အစင်သိမြင်သော သဗ္ဗညုတ ရွှေဥာဏ်တော်ကိုရပြီး၊ သံသရာဝဋ်ဒုက္ခအပေါင်း၏ အဆုံးစွန် ဖြစ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့သည့် အတူမရှိ အတုမရှိသည့် လူသားတစ်ဦးသာတည်း။
ကပိလ၀တ်နေပြည်တော် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရား မာယာဒေ၀ီ၏၀မ်းတွင် ၀ါဆိုလပြည့် ကြာသပတေးနေ့ တွင် ပဋိသန္ဓေယူသည်။ လုမ္ဗနီဥယျာဉ်တွင် ဖွားမြင်သည်။ ဖွားရက်မှာ သက္ကရာဇ် ၆၈ ခု (BC 623) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။
မွေးဖွားပြီးနောက် " ငါအဦးဆုံး၊ ငါအကြီးဆုံး၊ ငါအမြတ်ဆုံး " ဟူသော စကားကြီးသုံးခွန်းကို ကြွေးကြော်တော် မူခဲ့သည်။ ဘုရားလောင်းကို ဖွားမြင်ပြီးနောက် ခုနစ်ရက်အရတွင် မယ်တော် မာယာစုတေသည်။ မယ်တော် မာယာစုတေရခြင်းမှာ သားဖွားခြင်းနှင့်စပ်သော ဒုက္ခကြောင့်မဟုတ်ပါ။ ဘုရားလောင်းတို့ ကိန်းဝပ်ရာ ၀မ်း တိုက်သည် နောက်ထပ်မည်သူမျှ ပဋိသန္ဓေမနေထိုက်သောကြောင့် စုတေရခြင်းဖြစ်ပါသည်။
ဘုရားလောင်းကို သိဒ္ဓတ္ထဟုအမည်သညာမှည့်သည်။ ၁၆ နှစ်အရွယ်တွင် သုပ္ပဗုဒ္ဓမင်းကြီး၏သမီး ဒေ၀ဒတ်၏အစ်မ ယသော်ဓရာနှင့်လက်ထပ်သည်။ ရွှေနန်းသုံးဆောင်တွင် တလှည့်စီနေပြီး ထီးနန်းစည်းစိမ် ၁၃ နှစ်စံစားသည်။ ၂၉ နှစ်အရွယ်တွင် သူ၏နှလုံးသားဝယ် သစ္စာဥာဏ်အလင်း ထင်ဟပ်လေသည်။ သတ္တ၀ါ အပေါင်းသည် ခြွင်းချက်မရှိ သေခြင်းတရားကို ရင်ဆိုင်ကြရမည်။ ခပ်သိမ်းသော လောကီချမ်းသာတို့ သည် ဆင်းရဲခြင်း၏ ရှေ့ ပြေးဖြစ်ကြောင်းဆင်ခြင်မိလေသည်။ထို့ ကြောင့် ဒုက္ခအကြောင်းရင်းကို ရှာဖွေလိုသည့် ဆန္ဒ များပြင်းပြလာခဲ့သည်။ ထိုအချိန်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကိုတွေ့ ရကာ သံဝေဂဖြစ်ပြန်၏။ သက်တော် ၂၉ ၊ သားတော်လေး ရာဟုလာမွေးဖွားသည့်ညမှာပင် ကဏ္ဍကမြင်းကိုစီး၍ နောက်ပါ ဆန္ဒအမတ်နှင့်အတူ တောထွက်တော်မူခဲ့သည်။
အနော်မာမြစ်ကမ်းအနီးတွင် ဆံတော်ကိုပယ်သည်။ (ထိုဆံတော်ကို သိကြားမင်းက တာဝတိံသာတွင် စူဠာမဏိဟူသော စေတီကိုတည်ခဲ့သည်။)ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာရှစ်ပါးကို လာဆက်သည်။ (သိဒ္ဓတ္ထ ၏ ၀တ်လဲတော်ကို ဗြဟ္မာပြည်တွင် ဒုဿစေတီကို တည်ခဲ့သည်။)
အလောင်းတော်မှတပါး မည်သူမျှ မစွမ်းနိုင် ကျင့်နိုင်ရန်ခက်ခဲ့သည့် ဒုက္ကရစရိယအကျင့်ကို ဥရုဝေလတောတွင် ၆ နှစ်ကြာမျှ ကျင့်ခဲ့သည်။ နောက်ဆုံးတွင် အစွန်းနှစ်ဘက်ရောက်နေသော အကျင့်တို့ ကိုပယ်ကာ မဇ္ဈိမ ပဋိပဒါ (အလယ်အလတ်လမ်းစဉ်)ကို ရှာဖွေမိလေသည်။ ဒုက္ခအပေါင်း၏ ဖြစ်ကြောင်းရင်းမြစ် သမုဒယတရား မှာ ကိလေသာပင်ဖြစ်သည်ဟု ဥာဏ်တွင်သိမြင်လေပြီ။
သက်တော် ၃၅၊ (BC 588) အိန္ဒိယပြည် ဘီဟာနယ် ဂါယာမြို့ အနီး နေရဉ္ဖရာမြစ်ကမ်းရှိ ဗောဓိညောင်ပင် အောက်တွင် ဗုဒ္ဓ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဘုရားဖြစ်သည့်နေ့ မှာ မဟာသက္ကရာဇ်အားဖြင့် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ။
ယင်းနေ့ မှအစပြု၍ ဗုဒ္ဓသည် ၄၅ ၀ါကာလပတ်လုံး နေ့ ညမနား လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့ အား သစ္စာနှင့် မဂ္ဂင်၊ ဓမ္မနှင့် ၀ိနယတို့ ကို မရပ်မနား ဟောကြားပြသ တရား ရေအေးတိုက်ကျွေးကာ ဆုံးမတော် မူခဲ့သည်။ သံသရာဝဋ်အပေါင်းမှ လွတ်မြောက်ရန်နှင့် ကိလေသာအညစ် အကြေးတို့ မှ ကင်းစင်စေရန် မိမိ ကိုယ်ကိုသာ မိမိအားကိုး ကျင့်ဆောင်ရမည်ဟုလည်း လမ်းပြတော်မူခဲ့သည်။
ဘုရားရှင် ၄၅ နှစ် ၀ါဆိုသော ဌာနေများမှာ-
ဝါဆိုစဉ် ၀ါဆိုရာဌာန
၁- ဗာရာဏသီ မိဂဒါဝုန်တော
၂- ၃-၄- ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း
၅- ဝေသာလီပြည်
၆- မကုဠတောင်
၇- တာဝတိံသာ
၈- ဘဂ္ဂတိုင်း
၉- ကောသမ္ဗီပြည်
၁၀- ပါလိလေယျကတော
၁၁- နာဠပုဏားရွာ
၁၂- ဝေရဉ္ဖာပြည်
၁၃- စာလိယတောင်
၁၄- သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၁၅- ကပိလ၀တ်ပြည်
၁၆- အာဠ၀ီပြည်
၁၇- ရာဇဂြိုဟ်ပြည်
၁၈-၁၉- စာလိယတောင်
၂၀- ရာဇဂြိုဟ်
၂၁ မှ ၄၄ - သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
၄၅- ဝေဠုဝရွာ တို့ တွင် ၀ါဆိုတော်မူခဲ့သည်။ မြတ်စွာဘုရားသည် ၀ါတော် ၂၀ ထိအမြဲနေလေ့မရှိဘဲ ထိုထိုမြို့  ရွာများသို့  လှည့်လည်ပြီးဝါဆိုတော်မူသည်။ထို့ ကြောင့်ဝါတော် ၂၀ထိ အနိဗဒ္ဓ၀ါ ဟုခေါ်ပါသည်။
၂၁ ၀ါမှ ၄၅ ၀ါထိနောက်ပိုင်း ၂၅ ၀ါအနက် ၂၄ ၀ါမှာ သာဝတ္ထိပြည်၌သာ အမြဲဝါဆိုတော်မူ၏။ နောက်ဆုံးဝါကို ဝေဠုဝရွာတွင် ၀ါကပ်တော်မူခဲ့သည်။ ထို့ ကြောင့် ထိုဝါတို့ ကို နိဗဒ္ဓ၀ါ ၂၅ ၀ါဟုဆိုပါသည်။
ထို ၄၅၀ါကာလပတ်လုံးအတွင်း ဘုရားရှင်တို့ ပြုအပ်သော ဗုဒ္ဓကိစ္စငါးပါးကို နေ့ စဉ်အမြဲအောက်ပါ အတိုင်း ပြုကျင့်တော်မူခဲ့သည်။
၁- ပုရေဘတ္တကိစ္စ =ဆွမ်းမခံမီ လူတို့ ကို တရားဟောတော်မူ၏။
၂- ပစ္ဆာဘတ္တကိစ္စ =ဆွမ်းစားပြီးနောက် နေ့ လယ်ပိုင်းတွင် ရဟန်းရှင်လူတို့ ကို တရားဟောတော်မူ၏။
၃- ပုရေမယာမကိစ္စ =ညဥ့်ဦးယံတွင် ရဟန်းတို့ အား တရားဟော၍ အမေးပုစ္ဆာကို ဖြေကြားတော်မူ၏။
၎- မဇ္ဈိမယာမကိစ္စ =သန်းခေါင်ယံတွင် နတ်ဗြဟ္မာတို့အား တရားဟောတော်မူ၏။
၅- မစ္ဆိမယာမကိစ္စ =မိုးသောက်ယံတွင် အချိန်သုံးပိုင်းထားကာ ပထမပိုင်း စင်္ကြသွား၊ ဒုတိယပိုင်း ကျိန်းစက်၊ တတိယပိုင်းတွင် ကျွတ်ထိုက်သော သတ္တ၀ါတို့ ကိုကြည့်ရှုတော်မူ၏။
သက်တော် ၈၀ ၊ ၀ါတော် ၄၅ ၀ါအရ သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ တွင် ကုဿိန္နာရုံပြည် မလ္လာမင်းတို့ ၏ အင်ကြင်းဥယျာဉ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။(ကုဿိန္နာရုံပြည်မှာ ယခုအခါ အိန္ဒိယပြည် ယူပီ ခေါ် ဥတ္တရာပရာဒေ့ရှ် (ဥတ္တရာပထဒေသ)အရပ်ဖြစ်ပါသည်။)
နောက်ဆုံးမှာကြားတော်မူသော စကားတော်ကား
"ချစ်သားတို့ …… နောက်ဆုံးစကားမှာကြားခဲ့မည်၊ ပြုပြင်မှုကြောင့်ဖြစ်သော သင်္ခါရတရားမှန်သမျှ ပျက်စီးတတ် သောသဘောရှိ၏။ မမေ့မလျော့ မပေါ့ဆသော သတိတရားနှင့်နေထိုင်ကြ " ဟူ၍ဖြစ်၏။
မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မလ္လာမင်းတို့ က ဦးဆောင်ကာ သင်္ဂြိုဟ်တော်မူသည်။ တေဇော ဓာတ်လောင်တော်မူသော နေ့ မှာ မဟာသက္ကရာဇ် ၁၄၈ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ မီးသင်္ဂြိုဟ်ရာတွင် ပင်ကိုယ်အတိုင်း တည်ရှိနေသော ဓာတ်တော်များမှာ
ညှပ်ရိုးတော် ၂ ဆူ
စွယ်တော် ၄ ဆူ
နဖူးသင်းကျစ် ၁ ဆူ ပေါင်း ၇ ဆူဖြစ်သည်။ ဓာတ်တော်များကို ခုနှစ်ပြည်ထောင်မင်းများအား ဒေါနပုဏား ကြီးက ခွဲဝေပေးသည်။ အချို့ ဓာတ်တော်များကို အရှင်မဟာကဿပနှင့် အဇာတသတ်မင်းတို့ တိုင်ပင်ပြီး စက်ယန္တယားအစောင့်ထားကာ သိမ်းဆည်းမြှပ်နှံထားခဲ့ရာ နောင်နှစ်ပေါင်း ၂၃၅ နှစ်အကြာ သီရိဓမ္မာသောက မင်းကြီးက တူးဖော်၍ စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထားကိုးကွယ်ကာ သာသနာတော်ကြီး စည်ပင်ပျံ့ ပွားစေခဲ့ပါသည်။
လူတကာ နတ်တကာတို့ ထက်လွန်ကဲလျက် အမြတ်ဆုံး အမြင့်ဆုံးဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်အား ဤစာစုဖြင့် ပူဇော်ကန်တော့ပါ၏။
မင်းခမောင်*(minkhamaung.blogpots.com )
No comments:
Post a Comment