Tuesday, August 21, 2012

ကိုမင်းကိုနိုင်၏ အနုပညာမြောက် နိုင်ငံရေး မိန့်ခွန်း

ဆက်သွယ်မှု ဧရိယာ ပြင်ပကို ရောက်သလို ရောက်ခဲ့ရတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်း သားများ အိမ်အပြန်လမ်းမှာ ဒီကနေ့ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ် ကျော် က ကျွန်တော်တို့ ကြွေးကြော် ခဲ့တဲ့ ပဲ့တင်သံတွေ ပြန်ထပ်တဲ့ နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေ ယိမ်းကတဲ့ နေ့ပါ။ လောကဓမ္မတာ မိခင်က ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ် တွေကို ကျွန်တော်တို့ ပြန်ရတဲ့ နေ့ပါ။ ဆိုလိုတာကတော့ အခုလို သတင်း မီဒီယာသမားတွေရဲ့ ရှေ့မှာ တဖျပ်ဖျပ် တောက်နေတဲ့ ဓာတ်ပုံမီးတွေရဲ့ အောက်မှာ ကျွန်တော် တို့ရပ်ပြီး စကားပြောနိုင်တယ် ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျား နဲ့ ကျန်ခဲ့တဲ့ သေနတ်ပိုင်ရှင်တွေ၊ လူမသိသူမသိ ဘဝနဲ့ အသက် စွန့် ခဲ့ရတဲ့ ကျောင်းသားတွေ၊ ဘဝရဲ့ အစိတ်အပိုင်း များစွာကို ဖဲ့ပေးချကျွေး လိုက်ရပြီးတော့ ဒီလောကကို နှုတ် ဆက်သွားကြရတဲ့ ကျောင်းသား ပြည်သူတွေ ရဲ့ ကိုယ်စား ကျွန်တော် တို့ မတ်တပ် ရပ်နိုင်သေးတဲ့ ဒီနေ့ ဒီအချိန် ဒီအခင်း အကျင်းမျိုးမှာ ပြောနိုင်တာဟာ အခု သတင်း လောကမှာရော ၊ ပြည်သူလူထု ရဲ့ ပြန်ကြားရေးလောကမှာ အင်မတန် ခေတ်စားနေတဲ့ မေးခွန်း ရှိပါတယ်။ အဲဒါဘာလဲ ဆိုတော့ နိုင်ငံရေးအခြေ အနေကို ဘယ်လို သုံးသပ်လဲ ဆိုတဲ့ မေးခွန်းပါ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတာကို ဘယ်လို မြင်မလဲ ဆိုတဲ့ ကိစ္စဟာ အတော့်ကို ကျယ်ကျယ် လောင်လောင် ကြားနေ ရပါတယ်။ အကောင်းမြင်လား၊ အဆိုး မြင်လား ဆိုတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်၊ အထူးသဖြင့် ကျွန်တော်တို့ ပေါ့။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ လက်ရှိ ပကတိနိုင်ငံရေး အခြေအနေ ကို ဘယ်လိုမြင်သလဲ ဆိုတာ တစ်ဝက်ကြီးများ တောင်လို့လည်း အကောင်း မမြင်နိုင်ဘူး။ တစ်ဝက်ထဲ နည်းလိုက်တာလို့လည်း အဆိုး မြင်တာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့ ဟာ ရေရှိမှ အသက်ရှင်တဲ့ ငါးတွေပါ။ ငါးတွေ အတွက် ကတော့ တစ်ဝက် ကိစ္စမဟုတ်ပါဘူး။ အသက် ကိစ္စပါ။ ရေများဖို့ လိုပါတယ်။ ဘာကြောင့်လဲ သတင်း သမားတွေ မီဒီယာသမား တွေ သိပါလိမ့်မယ်။ ၂၃ နှစ်တာ ပေးဆပ်လိုက်ရတဲ့ နောက်မှာ ရလာတဲ့ အသီးအပွင့်တွေ အဖြစ် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်း မီဒီယာသမားတွေ တာဝန် ကို ထမ်းနေရပြီ ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရသလောက်ကတော့ ပြည်တွင်း သတင်း လွတ်လပ်ခွင့် ဆိုတဲ့ ပြဿနာမှာ အကြောင်း အရာ တစ်ခုကို ဆိုပါတော့ ၂ဝဝ၈၊ ၂ဝ၁ဝ အဲဒီတုန်း ကဆိုရင် သတင်း မီဒီယာ တွေရဲ့ ဖော်ပြနိုင်စွမ်းဟာ ဘက်တစ် ဖက်တည်းကိုပဲ တင်ပြရပါတယ်။ အဲဒီ အခါ ကျတော့ မတူ ကွဲပြားခြား နားတဲ့ အမြင်တွေ၊ အတွေးတွေကို ဖော်ပြခွင့် မရတဲ့အခါမှာ တစ်ဖက် သတ် နားထဲ မျက်စိထဲ ထည့်တဲ့ အချက်အလက်တွေ ကဖြင့် အမှန်တရား ဆိုပြီး သိခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်းချင်ပြီလား။ ပြောင်းပြီ။ ဒီနေ့ သတင်း သမားတွေ အားလုံး ကျွန်တော်တို့ ဆန္ဒကို နားလည်ကြမယ် ထင်တယ်။ ကျွန်တော် တို့နဲ့ အတူ အဲဒီ အပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ ဆန္ဒနဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာ လည်း အရေးကြီးတဲ့ အချက်တစ်ချက် အနေနဲ့ ပါပါ တယ်။
ထပ်ပြီးတော့ တွန်းရပါလိမ့် မယ်။ စာပေစိစစ်ရေး ဆိုတာ လိုအပ်ပါတယ် ဆိုတဲ့ အတွေးမျိုးနဲ့ ဆိုရင်တော့ ရှိဖို့ လိုနေတဲ့ အတွေးမျိုးနဲ့ ဆိုရင်တော့ ဒီလောက်က ထပ် တက် မှာ မဟုတ်ပါဘူး။ ကျွန်တော် တို့ ပေးဆပ်ထား ရတာတွေ အဲဒီလို တစ်ဖက်သတ် အမြင်ကိုပဲ ဖော်ပြလို့ မကြိုက်တာတွေကို၊ မိမိနဲ့ သဘော ထား မတူတာတွေကို ဖယ်ရှားဖို့ ဆိုတာ မဖြစ်ပါဘူး။ သဘောထားတွေ အယူအဆတွေ အမျိုးမျိုး တင်ပြ နိုင်ကြပါစေ ဆိုတဲ့ လွတ်လပ်ခွင့်မျိုး ကို စာပေလောက သမားတွေ ထပ်ပြီးတော့ ခြေတစ်လှမ်း တိုးကြဖို့၊ ထပ် ပြီးတော့ သတ္တိတွေ မွေးပြီးတော့ ရေးကြ၊ ထည့်ကြဖို့ ကျွန်တော် တိုက်တွန်းပါရစေ။
တချို့က မေးပါတယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဘယ်ကနေ ဘယ်လို စ ပြီး ၈၈ ဘာလဲ။ ၈၈ ဘယ်လဲ။ မေးခွန်းတွေ ရှိပါတယ်။ ၁၉၈၈ အားလုံး သိကြ တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင် ဆင်နွှဲခဲ့တဲ့ မျိုးဆက် အားလုံးဟာ ၈၈ မျိုး ဆက်တွေပါ။ အဲဒီ မျိုးဆက်တွေ ဟာ ၈၈ အရေးတော်ပုံကြီး ပြီးတဲ့အခါ နယ်ပယ် အသီးသီးကို စိမ့်ပြီး ဖြာပြီးတော့ ဝင်ရောက်သွားပါ တယ်။ ဒီအချက် အရေးကြီးပါ တယ်။ စီးပွားရေးလောက၊ အနုပညာလောက၊ သတင်း မီဒီယာ လောက၊ နိုင်ငံရေး သီးသီး သန့်သန့် လုပ်ရတဲ့ လောက။ ဒီလိုပဲ အများ ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုး တဲ့ အသင်း အဖွဲ့တွေ၊ ပရဟိတ လောကတွေထဲ ရောက်သွားတယ်။ နောက်ဆုံး ဝန် ထမ်းလောက တွေထဲ အထိ ရောက်ပါတယ်။ ၈၈ အရေး တော်ပုံကြီးကို အင်နဲ့အားနဲ့ ဆင်နွှဲ ခဲ့တဲ့ အဲဒီ အသီးသီးသော အစိတ် အပိုင်းတွေဟာ နောက်ဆုံး လက် နက်ကိုင် အဖွဲ့အစည်း တွေထဲ အထိ ရောက်ခဲ့ပါတယ်။ ကောင်းပါပြီ။ အဲဒီ အင်အားစုတွေရဲ့  စိတ်တွေ၊ အဲဒီ တုန်းက ဝိဥာဉ်တွေ၊ ၈၈ ရဲ့ သွေး တွေဟာ ဟောဒီ အမိ မြန်မာပြည် ထဲမှာ ဧရာဝတီ ဆိုတဲ့ ပင်မသွေး ကြောကြီးထဲကနေ တဆတ်ဆတ် ခုန်နေတုန်းပါ။
နှလုံးသားမှာ နွေးထွေးစွာ လှည့်နေဆဲပါ။ ဆိုတော့ ကျွန်တော်တို့ ဒီမှာလာပြီးတော့ သတင်း သမားတွေ ရှေ့မှာ ရပ်ကြတယ်ဆိုတဲ့ ၈၈ တွေဟာ ဘာလဲ ဆိုတော့ မကြာခင် ကမှ မြန်မာ တစ် နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေ ထဲကနေ ပြန်လာကြတဲ့ ၈၈ တွေ ပေါ့။ ဒါဖြင့်ရင် အဲဒီ ၈၈ တွေ ဘာ လုပ်မှာလဲ ဆိုတဲ့ မေးခွန်းထွက်လာ မှာပေါ့။
အရှင်း ဆုံး ပြောရရင်တော့ ၁၉၈၈ ပြီးတုန်းက နယ်ပယ်အသီးသီး ကိုဖြန့်ကြက်သွားသလိုပဲ။ အခု ထောင်ထဲက တစ်ဖန် ပြန်ထွက်လာ ပြီးတဲ့၊ ပန်းပဲဖို တွေထဲမှာ တစ်ကြိမ်နဲ့ အားမရ၊ နှစ်ကြိမ်နဲ့ အားမရ၊ သုံးကြိမ်ဆိုသလို သံကောင်းမှန်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီးတော့ အတိုက် ခံ၊ ထပ်ပြီးတော့ အထုခံ အနှက်ခံနဲ့ ဓားကောင်းတွေ အဖြစ် လောက နယ်ပယ် အသီးသီးထဲ ပြန်ရောက် လာတာပါ။ အဲဒီတော့ ၈၈ တွေ ဘာဆက်လုပ်မှာလဲ ဆိုတဲ့ မေးခွန်း မှာ နယ်ပယ် အသီးသီးမှာ ရှိပြီးသား ဖြစ်တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် တွေနဲ့ ပြန်ပြီးတော့ လက်တွဲကြဖို့။ ကျွန်တော်တို့ နယ်ပယ် အသီးသီးကို ထပ်မံ ဖြန့်ကြက်ပြီးတော့ အများအကျိုး၊ တိုင်းပြည် အကျိုး၊ လောက ပါလတရား သုံးပါး ထွန်းကားဖို့ အရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ။ အဲဒါ ကျွန်တော် ပြောချင်တာပါ။
အရာရာတိုင်းမှာ ကျောင်းသား တွေဟာ ကြားနေရမယ်။ ဘက် မလိုက်ရဘူး ဆိုတဲ့ အတွေးအခေါ်  အယူအဆတွေ ရှိခဲ့ပါတယ်။ ယေဘု ယျအားဖြင့် မှန်ချင် မှန်ပါလိမ့်မယ်။
ခြွင်းချက် အနေနဲ့တော့ ကျွန်တော်တို့ ဟာ လောကပါလ တရားသုံးပါး ဖြစ် တဲ့တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း ဆိုတဲ့ အချက် သုံးပါးနဲ့ ပတ်သက် ရင်တော့ လောကပါ လ တရားသုံးပါးကို တည်ထောင် သူတွေနဲ့ ဖျက်ဆီးသူတွေ ကြားမှာ တော့ ဘက်မလိုက်ဘဲ မနေနိုင်ပါ ဘူး။ ကျွန်တော်တို့ လောကပါလ တရားသုံးပါး တည်ထောင်သူ ဘက် ကနေပြီးတော့ ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော် အသိပေးပါရစေ။ နောက်ဆုံး ကျွန်တော့် ခရီးစဉ် တစ်လျှောက်မှာ လည်း အားလုံး ကိုယ်စား ပြောခဲ့ပါတယ်။
ပြုပြင် ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ လက်တွဲဆောင်ရွက်ရမယ် ဆိုတဲ့ ကိစ္စပါ။ ၂၃ နှစ်တာ ပြည်သူလူထုကြီး ရဲ့ ပေးဆပ်မှုနဲ့ နောက်ဘဝ များစွာ၊ အသက်များစွာ စတေး ပြီးတဲ့နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငြင်းပယ်လို့ မရတဲ့ ပကတိ မျက်မှောက်တရား အဖြစ် နောက်ဆုံး လက်ရှိ အစိုးရ ကိုယ်တိုင် လက်ခံရပါပြီ။ အဲဒါ ပြည်သူ့အောင်ပွဲ။ လူထု အောင်ပွဲ ဆိုတာကို အောင်စိတ်နဲ့ မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင် ပြောင်းလဲရေး လုပ်လို သူတွေနဲ့ အဟောင်း အဆွေးကြီး ဖြစ်တဲ့ ဖိ နှိပ်ချုပ်ချယ်ခြင်း၊ အခွင့်ထူးခံခြင်း ဆိုတဲ့ အဟောင်းကြီးကို ဖက်တွယ် ထားချင်သူတွေ ကတော့ နေရာ တကာမှာ ရှိဦးမှာပါပဲ။ လွန်ဆွဲပွဲ တစ်ခုလိုပါ။ လွန်ကြိုးနှစ်ဖက်ပဲ ရှိ ပါတယ်။ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ အင်အားစုတွေ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ် သူတို့ က တစ်ဖက်ပါ။ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်း ထဲမှာ ပဲ နေမယ်ဆိုတဲ့ သူတွေက တစ်ဖက်ပါ။ အဲဒီ လွန်ဆွဲပွဲမှာလည်း ၈၈ ဟာ ပြုပြင်ပြောင်းလဲလို သူတွေဘက် ကပဲ လွန်ဝင်ဆွဲ ဦးမယ် ဆိုတာ လည်း ရှင်းရှင်းလင်းလင်း သတိပေး ထားပါတယ်။ကဲ အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလိုရပ်ပြီး စကားပြောရတဲ့ ကာလဟာ ဘာဖြစ်နေလဲ ဆိုတော့ ရှေးဟောင်း မာ ယာလူမျိုးတွေ ရဲ့ ပြက္ခဒိန်တွေ အရ ကမ္ဘာ ပျက်မယ့်နှစ်မှ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ် ကမ္ဘာ ပျက် မယ့်နှစ်မှ နိုင်ငံသစ် ပြန်တည်ရမယ့် ဘဝဖြစ်နေတယ်။ ကျွန်တော်တို့က။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ တကယ်တမ်းသာ ညီညွတ်မယ် ဆို ရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် တစ်ခုမကဘူး။ ကမ္ဘာသစ် တစ်ခုပါ တည်လို့ ရမယ်လို့ ယုံပါတယ်လို့ ပြောရင်း ကျွန်တော့်စကားကို အဆုံး သတ်ပါရစေ။
(ဇန်နဝါရီ ၂၁ ရက်နေ့တွင် တော်ဝင် စင်တာ၌ ကျင်းပသော ၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာ ရှင်း လင်းပွဲ၌ ကိုမင်းကိုနိုင်ပြောကြားသော မိန့်ခွန်းဖြစ်သည်)

No comments:

Post a Comment